ရှမ်းရွာသစ် ဇန်နဝါရီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ပန်းခြံရှေ့ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၈၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ အရှည် (၅၀၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့် (၂)ပေရှိသော ပန်းခြံရှေ့ ကျောက်စီ ရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေကျပ် (၁၄၆၀၀၀၀၀/-) ဖြင့် ဒီဇင်ဘာလမှစတင်၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အနီးကပ်ကြီး ကြပ်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင်(၈၀) ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း၊ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ယခင်ကထက်ရေမြောင်းများ ရေစီးရေ လာကောင်းမွန်ပြီး မြို့သန့်ရှင်းသာယာလှပသွားမည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)