သရက် ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရွှေသက်လွတ်ဘုရာဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများမှ ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အသက်(၂)နှစ် အောက် ကလေးငယ်များအား ကူးစက်ရောဂါမှကာကွယ်ရန်နှင့် ကျန်းမာရေး အသိရှိစေရန်အတွက် အသိပညာပေးခြင်းနှင့် အသည်းရောင်အသားဝါရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါနှင့် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးတို့အား အသက်အပိုင်းအခြားအလိုက် ဆေးထိုးနှံခြင်းများကို ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ကာကွယ်ဆေးများကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ် များတွင် ဆေးထိုးဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်များ ရောဂါကင်းဝေးနိုင်မည် ဖြစ်သည့်အတွက် မပျက်မကွက် ပုံမှန် ကာကွယ်ဆေးများ ထိုးနှံသွားရန် လိုအပ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)