တောင်တွင်းကြီး ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၂၁- ၂၀၂၂ဘဏ္ဍာနှစ် (၆)လတာ ကာလအတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းကို စီမံကိန်းရန်ပုံငွေကျပ်သိန်း(၁၀၀)စီဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ သဲကောကျေးရွာ၊ ရွာမနား(တောင်)ကျေးရွာ၊ နတ်စင်ကုန်းကျေးရွာနှင့်ဥယျာဉ်စုကျေးရွာနေ ပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျေးရွာအတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် သဲကောကျေးရွာအတွင်း ကွန်ကရစ်လမ်းမှာ အရှည်ပေ (၆၀၅)ပေ၊ ရွာမနား(တောင်)ရွာ (၆၆၀)ပေ၊ ဥယျာဉ်စု ကျေးရွာ(၆၈၅ )ပေ၊ နတ်စင်ကုန်းကျေးရွာ (၆၈၅ )ပေရှိပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၆)လဘတ်ဂျတ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ (VDP) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၀၀) အား ပြည်သူလူထုထည့်ဝင်ငွေ ကျပ် (၂၀)သိန်းဖြင့် လမ်းအကျယ် (၁၂) ပေ၊ ထု(၆ )လက်မ ကွန်ကရစ်လမ်းအဖြစ် ကျေးရွာစီမံကိန်း လုပ်ငန်းကြီးကြပ်မှု ကော်မတီက တာဝန်ယူ၍ ဒီဇင်ဘာလ (၇)ရက်နေ့က စတင်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် လိုအပ်သည့် နည်းပညာများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ယခုအခါ ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယင်းကွန်ကရစ်လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးပါက တောင်တွင်းကြီးမြို့နယ် သဲကျေးရွာရှိအိမ်ထောင်စု (၁၉၅)စု၊ လူဦးရေ(၉၀၇)ဦး၊ ရွာမနား(တောင်)ကျေးရွာရှိ အိမ်ထောင်စု (၁၇၀)စု၊ လူဦးရေ (၁၁၂၀) ဦး၊ ဥယျာဉ်စုကျေးရွာရှိ အိမ်ထောင်စု (၁၇၅) စု၊ လူဦးရေ(၈၀၉)ဦး၊ နတ်စင်ကုန်းကျေးရွာရှိအိမ်ထောင်စု(၁၂၅)စု၊ လူဦးရေ(၈၆၇)ဦးတို့၏ ဒေသခံပြည်သူများအတွက် ရာသီမရွေးအဆင်ပြေစွာ သွားလာနိုင်မည့်အပြင် လယ်ယာသီးနှံ ထွက်ကုန်များကိုလည်း အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် သယ်ယူပို့ဆောင် ရောင်းချနိုင်မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)