သရက် ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်းများကို ယမန်နေ့ နံနက် ၇ နာရီက စည်ပင်သာယာမြို့မဈေးနှင့် ရွှေဘုံသာဘုရား လမ်းဆုံကားဂိတ်တို့တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာပရဟိတအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများ က အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်၌ ဗီဇ ပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီ ဖြစ်သောကြောင့် ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ် တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲ ထွက်ခွါသွားခြင်းမပြုရန်၊ မဖြစ်မနေထွက်ခွါသွားလာရပါက နှာခေါင်းစည်း ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ် ရန်၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ ခပ်ခွါခွါနေထိုင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန်တိုက်တွန်း နှိုးဆော်ခဲ့သည်။
ထို့အပြင် သရက်မြို့နယ်အတွင်းရှိ ဈေးသွား၊ ဈေးလာပြည်သူများ၊ မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ် စီးနင်းလိုက်ပါသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး “ဖန်ခါးမြေ” လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)