ကျောက်တံခါး ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် (၁၈)နှစ် နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က ရင်းတိုက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်အား ကျန်းမာရေးဝန်ထမ်းများ စနစ်တကျ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအားလည်း ဆက်လက် ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ ရင်းတိုက်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေးအလိုက် ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)