မုံရွာ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ဇန်နဝါရီလ (၄)ရက် နံနက်(၇)နာရီအချိန်တွင် မုံရွာမြို့ ကန်သာယာ ကျောက်တိုင်ကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများနှင့် ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်အား ဂုဏ်ပြုတပ်ခွဲမှ အလေးပြုကြပြီး တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော်အလံအား အလေးပြု ကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်ထံမှ ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားပြီး ဂုဏ်ပြုတပ်ခွဲမှ အလေးပြုကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်သူများက သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်ရှိ အဆင့်မြင့်ကားကြီးကွင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး၊ မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းအောင်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဆင့်မြင့်ကားကြီးကွင်း ဆိုင်းဘုတ်မုဒ်ဦးအား စက်ခလုတ်နှိတ် ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့် ဆိုင်းဘုတ်မုဒ်ဦး အား အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကြပြီး မုံရွာမြို့မှအခြေပြု ပြေးဆွဲနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများသို့ ခရီးသည်တင် မော်တော်ယာဉ် စီးနှင်းကြသည့် ခရီးသည်များအား ရင်းရင်းနှီးနှီးလိုက်လံ နုတ်ဆက်ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကာ ကားဂိတ်ခန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဆင့်မြင့် ကားကြီးကွင်းအတွင်းမှ ခရီးသည်တင်မော်တော်ယာဉ်များ စတင်ထွက်ခွာနေမှုအား နှုတ်ဆက် အားပေးခဲ့ကြသည်။
အဆိုပါ အဆင့်မြင့်ကားကြီးကွင်းသည် မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်ရှိ မြေဧက (၈)ဧက အကျယ်တွင် အဝေးပြေးကားကြီးဂိတ် အခန်း ၃၀ ခန်း၊ စားသောက်ဆိုင်ခန်း ၁၆ ခန်း၊ အများဆုံး သန့်စင်ခန်း၊ အဆင့်မြင့်ကားဝပ်ရှော့နှင့် ကားကြီးများရပ်နားရန်နေရာ ကွန်ကရစ်လမ်း - ၁၆၇၂၈ စတုရန်းပေ၊ ကားအဝင်/အထွက် လမ်းဧရိယာ - ၂၂၈၄၄၂ စ တုရန်းပေတို့ဖြင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ (၄)ရက်နေ့ နံနက်(၄)နာရီ မိနစ်(၂၀)အချိန်တွင် မုံရွာမြို့၊ ကန်သာယာ ကျောက်တိုင်ကွင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ပြုတပ်ခွဲနှင့် လူမူရေးအသင်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နံနက် (၄)နာရီ မိနစ်(၂၀) အချိန်တွင် မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ကာ အလေးပြုခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)