ထားဝယ်မြို့တွင်လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၅/၂ဝ၂၂)ဖွင့်လှစ်

ထားဝယ်    ဇန်နဝါရီ    ၆

လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(၅/၂ဝ၂၂)ကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးမှူးဦးမျိုးမြင့်နိုင်က ယခုသင်တန်းတွင် နေ့စဉ်ဘဝ၌ လိုအပ်ချက်များတွင်ပါဝင်သော လူသုံးကုန်များဖြစ်သော ဆပ်ပြာ၊ ဖယောင်းထုတ်လုပ်မှု နည်းပညာများကို သင်ကြားပို့ချသွားမည့်ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းမှပို့ချပေးလိုက်သောနည်းပညာများကို အသုံးပြု၍ တပိုင်တနိုင်လုပ်ငန်းများ ထူထောင်လာနိုင်လာပြီး မိသားစုဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်စေရန် နည်းပညာအကူအညီများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။

သင်တန်း၌နည်းပြ ဦးစီးအရာရှိ ဒေါ်သူသူစံနှင့်သုတေသနလက်ထောက်-၃ ဒေါ်ဆုသက်ဌေးတို့က သင်တန်းသား (၂၀)ဦးအား အဝတ်လျှော်ဆပ်ပြာဆီ၊ လက်ဆေးဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ ဘက်စုံသုံးဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာခဲ၊ခေါင်းလျှော်ရည်၊ အထည်မွှေးဆီ၊ လက်သန့်ဆေး၊ အလှထွန်းဖယောင်းတိုင်၊ ဆပ်ပြာခရင် ဆပ်ပြာမှုန့်နှင့် မှန်ကြည်ဆေးတို့ကို G.M.P ၊ G.H.P နည်းစနစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမှာ ဖြစ်ကြောင်း သိရသည်။

ကေကေအယ်လ်(ထားဝယ်)