ဆိပ်ဖြူ ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၄နာရီ မိနစ် ၂၀ အချိန်တွင် စတင်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော် အလံအား လွှင့်တင်ပေးပြီး နိုင်ငံတော်အလံအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနာဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုအလေးပြုကြသည်။
၎င်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကိုဆက်လက်ကျင်းပရာ နံနက် ၇ နာရီအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးပို့သည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှားအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေး က ဖတ်ကြားပေးသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)