အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးဖြစ်သူများအား စုရပ်အသီးသီး၌ ဆက်လက်ထိုးနှံပေးလျက်ရှိ

ပေါက်ခေါင်း ဇန်နဝါရီ  ၅

ပဲခူးတိုင်းဒေသကြီး၊‌ ပေါက်ခေါင်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန်ကျန်ရှိပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ‌ပေါက်ခေါင်းမြို့ လေးမျက်နှာဇာတ်ရုံနှင့်သတ်မှတ်ထားသည့် ဆေးထိုးစုရပ်အသီးသီးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) အမျိုးအစားကိုထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများကို ကျန်းမာရေးဝန်းထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိမရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

 အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးတာဝန်ရှိသူများ၊ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်