ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်း အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေး နှိုးဆော်

ထန်းတပင်(ပဲခူး) ဇန်နဝါရီ  ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်- ၁၉ မျိုးကွဲဗီဇပြောင်းရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်း ပိတောက်ကုန်းကျေးရွာရှိ လူစည်ကားရာနေရာများသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကို မိမိကစ၍ ဆက်လက် ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ နှာချေ၊ချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းတံခါးများဖွင့်ထားပါ၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် (၂၀) ကြာ ဆေးကြောပါ၊ တတ်နိုင်သမျှ မိမိနေအိမ်တွင်နေထိုင်ပါ၊ မဖြစ်မနေ အိမ်ပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမားရေးဌာနသို့ ချက်ချင်း ဆက်သွယ်ပါ စသည့် အချက်များကို ပြည်သူများအားလုံး ဆက်လက်လိုက်နာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)