ခမောက်ကြီး ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင် ၊ခမောက်ကြီးမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများဖြစ်သော နိုင်ငံတော်အလံလွှတ်တင်ခြင်းနှင့် အလေးပြုခြင်း၊ နိုင်ငံတော်အကြီးအကဲ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်းများကို ယမန်နေ့၌ ပြု လုပ်ခဲ့သည်။
အဆိုပါအခမ်းအနားများ ပြုလုပ်ကြရာတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ နံနက်၄နာရီ မိနစ်၂၀အချိန်တွင် လွတ်လပ်ရေးရရှိခဲ့သည့် အထိမ်းအမှတ်အဖြစ် ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့နံနက် (၄)နာရီမိနစ် (၂၀) အချိန်တွင် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံတော်အလံအား အလံတင်ခြင်းနှင့် အလေးပြုခြင်းခမ်းအနားများ ပြုလုပ်ခဲ့သည်။ထို့နောက် မြန်မာနိုင်ငံဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေးပို့သော လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦးက နံနက်(၇)နာရီခန့်က အထက ခမောက်ကြီးကျောင်း လွတ်လပ်ရေးနေ့ကျင်းပသည့် အခမ်းအနား၌ ပြုလုပ်ခဲ့သည်။ ထိုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ခမောက်ကြီးမြို့ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ကျောင်းသားနှင့် မိဘပြည်သူများ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။
ရူပါမြင့်(ခမောက်ကြီး )