ဟားခါး ဇန်နဝါရီ ၅
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က မြို့နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းနှင့် ဆေးပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် တွက်ချက်တင်ပြရန်လိုကြောင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံ နိုင်မှု အားနည်းသည့်မြို့နယ်များ အပြည့်အဝထိုးနှံနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ပိုးတွေ့ရှိမှုများပြားသည့် ချွန်ကျုံးကျေးရွာရှိ လူနာများအတွက် လိုအပ်သည့် ဆေးဝါးများ ဆက်လက်ထောက်ပံ့ရန်နှင့် အောက်ဆီဂျင်အိုးများ အမြဲမပြတ် စစ်ဆေးရန် အမှာစကားပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံ၊ ချွန်ကျုံးကျေးရွာအတွက် ကိုဗစ်-၁၉ ကာကွယ်ကုသဆေးများ ထောက်ပံ့ပေးမှု အခြေအနေ၊ ချင်းပြည်နယ်မှ ဝယ်ယူထားသည့် ဆေးဝါးပစ္စည်း များသက်ဆိုင်ရာမြို့နယ်များသို့ သယ်ယူပို့ဆောင်နိုင်ရေး ဆောင်ရွက်မှုအခြေအနေ၊ ယခင်အပတ်အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က မြို့နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးပစ္စည်းလိုအပ်ချက်၊ ပြည်နယ်အတွက် ရရှိသည့်ဆေးဝါးများ သယ်ယူနိုင်မည့်အခြေအနေ၊ ထပ်မံမှာယူသည့် ၄၀ လီတာ အောက်ဆီဂျင်အိုးများ ရောက်ရှိမှု၊ မြို့နယ်(၉)မြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ကုသဆေးများ ဝယ်ယူနိုင်ရေး လျာထားဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ်ဆေးမှုကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် လိုအပ်မှုနှင့် ဆရာဝန်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင်( ပြန်/ဆက် )