ပိုင်ကျုံ ဇန်နဝါရီ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဘောဂလိမြို့ မြို့ပေါ်ရပ်ကွက်အတွင်း လမ်းသွားလမ်းလာ မိဘပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသား ရေးဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ ၂၀.၁.၁၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပထမဆုံး လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်း ဆောင်ခဲ့မှုနှင့် ပတ်သက်၍ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ အစရှိသည့် အကြောင်းအရာများပါဝင်သော သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)