လှိုင်းဘွဲ ဇန်နဝါရီ ၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့်ကြာသာပတေးနေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင်ရောဂါ၊ ပိုလိုယို ရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/တိုက်ကျွေးခြင်း၊ အသိပညာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)