ပဲခူးတိုင်းဒေသကြီး(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

ပဲခူး ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း၌ ယမန်နေ့ နံနက် ၄နာရီ မိနစ်၂၀ အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် အလံတင်တပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့တို့ တက်ရောက်ကြပြီး အလံတင်တပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွှင့်တင်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ ဦးဆောင်သော အခမ်းအနား တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား အလေးပြုကြသည်။

ထို့နောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တပ်မတော်အရာရှိများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ကြရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)