(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်Talk Show ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်

လှိုင်းဘွဲ  ဇန်နဝါရီ  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က (Book Club) အဖွဲ့ဝင်များဖြင့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် Talk Show စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြင့်Talk Show စကားဝိုင်း ဆွေးနွေး ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းပြခဲ့ပြီးနောက် လွတ်လပ်ရေးဆုံးရှုံးရသည့် အကြောင်းရင်းများကို မေးမြန်းရာတွင်(Book Club)အဖွဲ့ဝင်  ဦးလင်းခိုင်က နယ်ချဲ့အင်္ဂလိပ်တွေဟာ မြန်မာနိုင်ငံကိုစစ်ရေးအရ သုံးကြိမ်တိုင်အောင် ကျူးကျော်ရန်စပြီးနောက် သိမ်းပိုက်ခဲ့ကြောင်း၊ ပထမကျူးကျော်စစ်မှာ ရှင်မဖြူကျွန်းအရေးကို အကြောင်းပြုပြီး ၁၈၂၄ ခုနှစ်မှ ၁၈၂၆ ခုနှစ် အထိ(၂)နှစ်ကြာ စစ်ပွဲများဖြစ်ပွားခဲ့ပြီး ရန္တပိုစာချုပ်အရ နယ်ချဲ့အင်္ဂလိပ်တို့ကို ရခိုင်ပြည်နယ်နှင့်တနင်္သာရီတိုင်းကို ပေးအပ်ခဲ့ရကြောင်း၊ဒုတိယကျူးကျော်စစ်မှာတော့ စစ်ကိုကြေငြာခြင်းမပြုဘဲ ၁၈၅၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှာ အလစ်ဝင်တိုက်ခိုက်သိမ်းပိုက်ပြီး မြေထဲမြို့ထိ အောက်မြန်မာပြည်ကို ဆုံးရှုံးခဲ့ရကြောင်း၊တတိယကျူးကျော်စစ်မှာတော့ ဘုံဘေဘားမား သစ်ကုမ္မဏီကို အကြောင်းပြုပြီးတော့ အရှင်နှစ်ပါးကိုကြက်ကလေး၊ ငှက်ကလေးလို အလွယ်တကူဖမ်းဆီး ခေါ်ဆောင်သွားပြီး ထီးသုည်း၊ နန်းသုည်းနဲ့ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်လက်အောက်ကို ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီ လ ၁ ရက်နေတွင်ကျရောက်ခဲ့ပြီး လွတ်လပ်ရေးကိုဆုံးရှုံးခဲ့ရကြောင်း ရှင်းပြပေးခဲ့သည်။

ထို့နောက်(Book Club)အဖွဲ့ဝင် ဦးဌေးဝင်းကလွတ်လပ်ရေး ဆုံးရှုံးပြီးသူ့ကျွန်ဘဝရောက်ခဲ့ရာကနေပြီး လွတ်လပ်ရေးကို ပြန်လည်ရရှိအောင်ဆရာစံ ၊ ဗိုလ်မင်းရောင် ၊ စောလဖော်အစရှိတဲ့ မျိုးချစ်အာဇာနည်သူရဲကောင်း ဘိုးဘေးတွေက နယ်ချဲ့အင်္ဂလိပ်တွေကိုနည်းမျိုးစုံဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့ကြပုံ၊ မြန်မာနိုင်ငံသားတွေဟာ သူ့ကျွန်ဘဝကျရောက်ပြီးချိန်မှစပြီး နိုင်ငံလွတ်လပ်ရေး ရရှိရန်အတွက်နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြရပုံ၊ လွတ်လပ်ရေးအတွက် ရှေးတိုင်းရင်းသားဘိုးဘွား၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်၊ သွေး၊ ချွေးများစွာရင်းနှီးပြီးရယူပေးခဲ့ကြတဲ့ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့အောင် တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများက အတူလက်တွဲပြီး သားစဉ်၊ မြေးဆက် ကမ္ဘာတည်သရွေ့ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ပေးသွား ကြရမည်ဖြစ်ကြောင်း ဆွေးနွေးရှင်းပြခဲ့သည်။

ဆက်လက်၍(Book Club)အဖွဲ့ဝင် ဦးလင်းခိုင်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး စသည့်အချက်များအား ဖတ်ကြားဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)