ပဲခူး ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ တိုင်းဒေသကြီးအားကစားခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ရွှေညီအကိုအသင်းနှင့် ကဝမြို့မအသင်းတို့ ဘော်လီဘောဗိုလ်လုပွဲယှဉ်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက် အကြီးတန်းနှစ်ယောက်တွဲပြိုင်ပွဲ၊ ကြက်တောင်ရိုက် အကြီးတန်း တစ်ဦးချင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက် အငယ်တန်း တစ်ဦးချင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဥပဒေချုပ်နှင့် ဝန်ကြီးများက ငွေသားဆုများ အသီးသီးချီးမြှင့်ကြသည်။
ထို့နောက် ဘော်လီဘောပြိုင်ပွဲတွင် ပထမရရှိသောကဝမြို့မအသင်းအား ချီးမြှင့်ငွေကျပ်(၃)သိန်း၊ ဒုတိယ ရရှိသော ရွှေညီအကိုအသင်းအား ချီးမြှင့်ငွေကျပ်(၂)သိန်း၊ အမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲနှင့် အမျိုးသား မီနီမာရသွန်ပြိုင်ပွဲတို့တွင် နှစ်သိမ့်ဆု၊ ဆဌမ၊ သတ္တမ၊ အဌမ၊ နဝမ၊ ဒသမရရှိသူများအား လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့က လည်းကောင်း၊ ပထမဆုရရှိသူအား ငွေသားကျပ်(၅)သိန်း၊ ဒုတိယဆုရရှိသူအား (၃)သိန်းကျပ်၊ တတိယဆု ရရှိသူအား(၂)သိန်းကျပ်၊ စတုတ္ထဆုရရှိသူအား (၁)သိန်းကျပ်နှင့် ပဉ္စမရရှိသူများအား (၁)သိန်းကျပ်တို့အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အမျိုးသားမီနီမာရသွန်ပြိုင်ပွဲတွင် ပထမရရှိသော ပဲခူးမြို့မှမောင်စောပြည့်စုံနေအား ချီးမြှင့်ငွေကျပ်(၅)သိန်း၊ ဒုတိယရရှိသော ပဲခူးမြို့မှ မောင်ပြည့်စုံထွန်းအား ချီးမြှင့်ငွေကျပ်(၃)သိန်း၊ တတိယရရှိသော သနပ်ပင်မြို့မှ မောင်ကုလားကြီးအား ချီးမြှင့်ငွေကျပ်(၂)သိန်း၊ စတုတ္ထရရှိသော သနပ်ပင်မြို့မှ မောင်သူရိန်လင်းအား ချီးမြင့်ငွေကျပ်(၁)သိန်း၊ ပဉ္စမရရှိသော သနပ်ပင်မြို့မှ မောင်ကျော်ဇော်လင်းအား ချီးမြှင့်ငွေ(၁)သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပဲခူးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ မီနီမာရသွန်၊ ချောတိုင်တက်၊ ခေါင်းအုန်းရိုက်၊ လွန်ဆွဲ၊ ထုပ်ဆီးထိုး၊ ကလေးများပျော်ပွဲရွှင်ပွဲ(၈)မျိုး စသည့်အားကစားပွဲများ ကျင်းပပြုလုပ်ယှဉ်ပြိုင် ကစား ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ငွေကျပ်(၆၃)သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)