ချင်းပြည်နယ်၊ ဟားခါးမြို့၌ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

ဟားခါး   ဇန်နဝါရီလ  ၅

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမနှင့် ကာလ်ဆင် နှစ်ခြင်းဘုရားကျောင်းတို့တွင် ဆေးထိုးစုရပ် နှစ်နေရာခွဲ၍ စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ယခုအခါ      ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ နို့တိုက်မိခင်များ နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဘေးကင်း စိတ်ချစွာ ထိုးနှံပေးနိုင်ပြီဖြစ်သဖြင့် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ရာ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများနှင့် စေ့တနာ့ဝန်ထမ်းများက ပူးပေါင်းထိုးနှံ ပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းမပြုလုပ်မီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆေးထိုးရအုပ်စု မှန်မမှန်စိစစ်ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးပါက မိနစ်(၃၀) ကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ သတ်မှတ်သည့် ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)