အိမ်မဲ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လွတ်လပ်ရေးပန်းခြံအတွင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင်အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ သူများ၊ ပြည်သူများ တက်ရောက်ပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နံနက် ၇ နာရီတွင် လွတ်လပ်ရေးပန်းခြံ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့မှ ခေါင်းဆောင်၍ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအလေး ပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဖတ်ကြားပေး ခဲ့သည်။
ထို့နောက် အထက်တန်းအဆင့်၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲဆုရ ကျောင်းသား / သူများ၊ တိုင်းအဆင့် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကျောင်းသား/ သူများက ပြည်မြန်မာသီချင်း၊ ဇာတိမာန်သီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသား/ သူများ၊ ပြည်သူများအား မြို့နယ် (ပြန်/ဆက်)ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်