(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်နှင့် ဂိမ်း ပြိုင်ပွဲ များကျင်းပ

ဒေးဒရဲ ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်နှင့် ဂိမ်းပြိုင်ပွဲများကို  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ် ချက်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတိုးပွားလာစေရန်၊ စာကြည့်တိုက်သို့ လာရောက် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဖြတ်ထိုးဉာဏ်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မား လာစေရန် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက စာဖတ်စွမ်းရည်အသီးသီး ယှဉ်ပြိုင် ပြီးနောက်၊ ဆေးရောင်ခြယ်၊ စကားပုံဆက်၊ စကောရွက်၊ ဘောလုံးသယ်၊ ဘိုလင်း၊ ခါးလှည့်၊ အိမ်ဆောက်၊ ၄ လုံးတန်း ဂိမ်းကစားပွဲများကို ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြပြီး ပြိုင်ပွဲများ တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းနှင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)