စစ်ကိုင်း ဇန်နဝါရီ ၅
စစ်ကိုင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၄)နာရီ မိနစ်(၂၀)က ဗိုလ်ချုပ်ကြေးရုပ်အနီး ရွှေမင်းဝံပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်/ မြို့နယ် ဂုဏ်ပြုရဲတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်ထူကြကာ အလေးပြုကြပြီး ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အခြားအဖွဲ့အစည်းများက အလေးပြုခဲ့သည်။
ဆက်လက်၍ နံနက် ၇ နာရီတွင် မြို့တော်ခန်းမအတွင်း သဝဏ်လွှာဖတ်ခြင်း ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော ၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို စစ်ကိုင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းထွန်းစိန်ကဖတ်ကြားပြီး၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ စက်တင်ဘာလအထိ လုပ်ငန်းဆောင်ရွက်ခဲ့မှုများတွင် ဝင်ငွေကျပ်သန်း(၅၀၀ မှ ၁၀၀၀) အထက်လျာ ထားချက်အပေါ် အများဆုံးရှာဖွေနိုင်ခဲ့သော ခရိုင်မြန်မာ့အာမခံလုပ်ငန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားခရိုင်/ မြို့နယ်ပေါင်းစုံ တံခွန်စိုက်ဆုများရရှိခဲ့ကြသော အာကစားသမားများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာ အသိပညာပေးစာစောင်နှင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ပြသဖြန့်ဝေ ပေးခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်