ချောင်းဦး ဇန်နဝါရီ ၅
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၂ ခုနှစ် ဇန်နနဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်း၊ ဆုများပေးအပ်ခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အနော်ရထာခန်းမနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက်(၄နာရီမိနစ်၂၀) အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံကိုင်တပ်ဖွဲ့ကဦးဆောင်၍ မြန်မာနိုင်ငံတော် အလံတင်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ပြီး တက်ရောက်ကြသည့် ဧည့်ပရိတ်သတ်များက နိုင်ငံတော်လံအား အလေးပြုခဲ့ကြသည်။ ဒုတိယပိုင်း အခမ်းအနားအစီအစဉ်ကို နံနက်(၇)နာရီအချိန် အနော်ရထာခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် လွှတ်လပ်ရေးနေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော် က ဖတ်ကြားပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲမှ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား တက်ရောက်လာသည့် ဧည့်သည်တော်များက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်