ဘိုကလေး ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လွတ်လပ်ရေးပန်းခြံ၌ ယမန်နေ့နံနက်(၄)နာရီ (၂၀)မိနစ် အချိန်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား ကျင်းပဆောင်ရွက်သည်။
အဆိုပါ အလံတင် အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့ရာ အခမ်းအနား တက်ရောက်ကြသူများမှ အလေးပြုခဲ့ကြပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားအား ယနေ့ နံနက်(၇)နာရီတွင် ဆက်လက်ကျင်းပဆောင်ရွက်ခဲ့ကြသည်။
သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားတွင် တက်ရောက်လာသူများမှ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်အပေါင်းအား အလေးပြုခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၊ ဉက္ကဌ ဦးသိန်းဇော်ဦးမှ ဖတ်ကြားခြင်းတို့ဖြင့် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြေခံပညာ အထက်တန်းကျောင်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ တက်ရောက်ကြကြောင်းနှင့် အခြေခံပညာကျောင်းများတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကျဘမ်းစကားပြောပြိုင်ပွဲများ၌ ဆုရရှိခဲ့သည့် ကျောင်းသား/သူများကိုလည်း ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။