ပိုင်ကျုံ ဇန်နဝါရီ ၅
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ အ.မ.က တနင်းသရောကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို အခြေခံပညာကျောင်းများတွင် ကျင်းပ ပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတတ်စေခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေခြင်း၊ အားကစား စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားတတ်ခြင်း စသည့်အကျိုးကျေးဇူးရရှိစေရန် ကျင်းပဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲကို အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အလွတ်တန်းအပြေးပြိုင်ပွဲမီတာ (၁၀၀/၂၀၀)၊ ဘောလုံးပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြေးပြိုင်ပွဲ၊ သံပရာသီးဇွန်းကိုက်ပြေးပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ကစားကြပြီး ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)