ပုလော ဇန်နဝါရီ ၅ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ အားကစားပြိုင်ပွဲ များ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက ပုလောမြို့ အ.ထ.က(၁) ကျောင်းတွင် အားကစားပြိုင်ပွဲများပြုလုပ် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲတွင် ဘော်လီဘော၊ မုန့်ကိုက်၊ ဂုံနီအိတ်စွတ် အပြေးပြိုင်ပွဲ၊ အာလူးကောက်၊ စကောရွက်၊ အမျိုးသမီးထုပ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပွဲနှင့်အခြားအားကစားပွဲများ ယှဉ်ပြိုင်ကျင်းပခဲ့ကြပြီး အားကစားပြိုင်ပွဲများကျင်းပခြင်းဖြင့် ကလေးများ၏ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ပြီး အသင်းအဖွဲ့ အလိုက် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိနိုင်ရန်၊ ငယ်စဉ်ကတည်းက အားကစားကို စိတ်ပါဝင်စားခြင်းဖြင့် ကျောင်းနေပျော်ပြီး ထူးချွန် သည့် မျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွန်းရန်အထောက်အကူပြုနိုင်ရန် နေ့ထူးနေ့မြတ်များတွင် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း အ.ထ.က (၁) ပုလော ကျောင်းအုပ်ဆရာကြီး ဦးပြည့်ဟိန်းကျော်ထံမှ သိရသည်။
အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရကျောင်းသား/ကျောင်းသူများ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမ များက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အေးအေးမော် (ပုလော)