အောင်လံ ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကို ကန်ကြီးရပ်ကွက် အောင်မာလာပန်းခြံ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ နံနက် (၀၄:၂၀)နာရီအချိန် က ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက် အလေးပြုခဲ့ကြသည်။
ဆက်လက်၍ နံနက်(၇:၀၀)နာရီအချိန်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို အောင်လံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားကွင်းအတွင်း ကျင်းပလုပ်ခဲ့သည်။ ရှေးဦးစွာ ဂုဏ်ပြုတပ်ဖွဲ့နှင့် ဧည့်ပရိတ်သတ်များမှ နိုင်ငံတော်အလံအား အလေးပြုခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်းထမ်းများမှ အခမ်းအနား တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့သည်။
မျိုးသိန်း