အင်းတော် ဇန်နဝါရီ ၅
၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အင်းတော်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ကျင်းပရာ အလံတင် တပ်စုက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို လွှင့်တင်ခဲ့သည်။
ထို့နောက် အင်းတော်မြို့နယ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြပြီး ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုခဲ့ကြသည်။
ယင်းနောက် နံနက် (၇)နာရီအချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ အင်းတော်မြို့နယ် စီမံအုပ်ချုပ် အဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်က ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အင်းတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ