(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပ

လှိုင်းဘွဲ  ဇန်နဝါရီ  ၅

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ ဘော်လုံးကွင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြင့်ပျော်ရွှင်ဖွယ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်၈ နာရီခွဲအချိန်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနကဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးသူငယ်များ၊ ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအတွက် ပျော်ရွှင်ဖွယ်လွန်ဆွဲပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများကို ပြုလုပ်ကျင်းပပေးခဲ့ရာ ပြည်သူလူထုနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကလေးသူငယ်များမှ ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြသည်။

ထို့နောက်ဆုရရှိကြသူများနှင့် အသင်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)