(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်း ကွန်ကရစ်လမ်းအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေး

အိမ်မဲ ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပြီးစီးသော ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများက ဇန်နဝါရီလ ၃ ရက် နံနက် ၇ နာရီ ၃၀ အချိန်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနယ်နယ် အရပ်ရပ်၌ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတား အပါအဝင် ဖွင့်ပွဲများ ပြုလုပ်လျက်ရှိပါကြောင်း၊ ယခု ကွန်ကရစ်လမ်း ဖွင့်လှစ်ပြီးစီးမှုကြောင့် ဒေသခံပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုများကိုပါအထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးလင်းထိုက်က လမ်းဆောင်ရွက်ခဲ့မှု အခြေအနေ အားရှင်းလင်း တင်ပြခဲ့သည်။

ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်းသည် စုစုပေါင်း ၁၂ မိုင် ၅ ဖာလုံ အရှည်ရှိပြီး ကျေးရွာပေါင်း (၂၈) ရွာ၊ အိမ်ခြေပေါင်း (၂၆၉၆)အိမ်၊ လူဦးရေ (၁၃၃၂၆) ဦးမှ အဓိက မှီခိုအားထားရသော ကျေးလက်လမ်းမကြီး တစ်လမ်းဖြစ်ကြောင်း၊ ယခင်က ကျောက်လမ်း အဆင့်ဖြင့်သာ ရှိရာမှ ၎င်းလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၄) ဖာလုံ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်(၁) မိုင်အရှည်အား ကွန်ကရစ်လမ်းအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် (၆)လ ဘတ်ဂျတ်တွင် (၄) ဖာလုံအရှည် ကွန်ကရစ်လမ်း ဆောင်ရွက်မှာဖြစ်ပြီး စုစုပေါင်း ကွန်ကရစ်လမ်း (၂) မိုင်ဆောင်ရွက်ပြီးစီးမှာ ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဖို့ကျန်ရှိနေသော (၁၀)မိုင် (၅)ဖာလုံကို ဆက်လက်လျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများက ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်း ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းထိုက်က အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ဧည့်သည်တော်များမှ ညောင်ကုန်းချောင်းဖျား- သရက်ကုန်းလမ်း ကွန်ကရစ် လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)