ကော့ကရိတ် ဇန်နဝါရီ ၄
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကို ယမန်နေ့ ညနေ ၄နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်လှလှနွယ်က လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည့် အကြောင်းအရင်းများ၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လွတ်လပ်ရေး၏ အဓိပ္ပါယ်နှင့် လွတ်လပ်ရေးအား မျိုးဆက်သစ်တို့ ထိန်းသိမ်းရမည့် တာဝန်များကို ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် စာဖတ်ပရိတ်သတ်လူငယ်များအား ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)