ကြာအင်းဆိပ်ကြီးမြို့၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြား

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၄

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်()ရပ်ကွက် ချမ်းမြေ့သာယာပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့ရင်ပြင်၌ ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား နံနက် (၄)နာရီ မိနစ်(၂၀)အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြု ရဲတပ်ဖွဲ့မှဦးဆောင်၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား လွင့်တင်အလေးပြုခဲ့ကြောင်းသိရသည်။

ထို့နောက်နံနက် (၇) နာရီအချိန်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ကြာအင်းဆိပ်ကြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်က ဖတ်ကြားသည်။

ယင်းနောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ လုပ်ကိုင်ဆောင်ရွက်ပေး ခဲ့ကြသည့် လူမှုရေးအသင်းအဖွဲ့နှင့် မြန်မာနိုင်ငံဗဟိုအဆင့် စိုက်ပျိုးသီးနှံပြိုင်ပွဲတွင် ဆုရများရှိခဲ့သည့် တောင်သူများ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုများရရှိသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား ၎င်းဌာနမှမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး