ဘားအံမြို့ သီရိကွင်းရှိ လွတ်လပ်ရေးကျောက်တိုက်ရှေ့တွင် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများကျင်းပ

ဘားအံ ဇန်နဝါရီ ၄

၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိကွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကို ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ခဲ့ကြပြီး အလံစောင့်တပ်ဖွဲ့နှင့်အလံတင် တပ်ဖွဲ့များက နိုင်ငံတော်အလံကို တိုင်ထိပ်သို့လွင့်ထူခဲ့ကြကာ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြသည်။

ထို့နောက် နံနက် (၇)နာရီတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားသည့် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊  ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)မှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး တက်ရောက်လာသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသော အာဇာနည်ခေါင်း ဆောင်ကြီးများနှင့်ရဲဘော်အပေါင်းတို့အား အလေးပြုကြကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားသည်။

ထို့နောက် အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် ဘင်ခရာစစ်တီးဝိုင်းအဖွဲ့က အထင်ကရ ကရင်တေးသီချင်းများကို တီးမှုတ်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့၊ စစ်တီးဝိုင်းတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် ဘားအံမြို့၊ သီရိကွင်းတွင် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး ကျင်းပသော စကောရွက်၊ ခေါင်းအုံးရိုက်၊ ဖယောင်းတိုင်မီးထွန်း၊ ဘောလုံးဂိုးသွင်း၊ ချောတိုင်တက်၊ ပိုက်ကျော်ခြင်းနှင့် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲတို့ကို ကြည့်ရှု့အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆုရရှိသူများအားဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)