ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဖွင့်ပွဲနှင့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပ

ဘားအံ ဇန်နဝါရီ ၄

ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဖွင့်ပွဲနှင့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာ ကပွဲကို ယနေ့နံနက် ၉ နာရီခန့်က အဆိုပါဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ စိုးစိုးအေးနှင့် ဒုတိယပါမောက္ခချုပ်များက ဘွဲ့နှင်းသဘင်ခန်းမကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘွဲ့နှင်းသဘင်ခန်းမ ကမ္ပည်းမော်ကွန်းအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းဂုဏ်ပြုပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် (၇၄)နှစ်ပြည့်သည့် နေ့ထူးနေ့မြတ်တွင် ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် အလွန်ပင်ပြည့်စုံပါကြောင်း၊ ဘွဲ့နှင်းသဘင်ခန်းမသည် ဘွဲ့ရပညာ တတ်များကို အသိအမှတ်ပြု ဂုဏ်ပြုပေးသည့် အခမ်းအနားကျင်းပရာနေရာဖြစ်၍ ဂုဏ်ပြုခံခန်းမ ဟုလည်း ဆိုနိုင်ပြီး ကရင်ပြည်နယ်အတွက် ဂုဏ်ယူစရာကျက်သရေ ဆောင်ခန်းမကြီးဖြစ်ကြောင်း၊ ဘားအံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် ကရင်ပြည်နယ်အတွက် ပညာရည်ချွန်၊ လူရည်ချွန်များကို ပြုစုပျိုးထောင် မွေးထုတ်ပေးကြရန် တိုက်တွန်းလိုကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ်(၁၈၈၃ ဒသမ ၉) သန်းဖြင့် (၂၀၆ ပေ x ၁၆၄ ပေ x  ၃၄ ပေ)ရှိ RC နှစ်ထပ် အဆောက်အဦကို အောင်မြင်ပြည့်စုံ ဖွံဖြိုးမှုကုမ္ပဏီက တာဝန်ယူတည် ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါခန်းမတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ နည်းပြများ၏ ကရင်ဒုံးယိမ်းအက၊ မင်းသမီးအက၊ ကရင် တေးသရုပ်ဖော်အက၊ ပြည်ထောင်စုအက၊ မင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ကပြမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)