ကြို့ပင်ကောက်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ဆီးချိုသွေးချိုနှင့်သွေးတိုးရောဂါများစစ်ဆေးကုသပေး

ကြို့ပင်ကောက်    ဇန်နဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံးတွင်  မြို့နယ်အတွင်းရှိဌာနဆိုင်ရာများမှ ဝန်ထမ်းများကို မကူးစက်သည့်ရောဂါများဖြစ်သော ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကု  သပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။           

ရောဂါစစ်ဆေးကုသပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး စိုးမြင့်အောင်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ဇန်နဝါရီလ ၄ ရက်နေ့နံနက် ၈ နာရီအချိန်က ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်အမြင့်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုရှိမရှိ စစ်ဆေးပေးခြင်း၊ BMI စစ်ဆေးပေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့်ဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဌာနဆိုင်ရာဝန်ထမ်းများအားစစ်ဆေးပေးခြင်းကို ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်စစ်ဆေးပေးခဲ့ပြီး ကျန်ရှိသောဌာနဆိုင်ရာဝန်ထမ်းများကို မြို့နယ် မိခင်နှင့်ကလေးစောင့် ရှောက်ရေးရုံးတွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)