မြိတ် ဇန်နဝါရီ ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ခရိုင် အားကစား ခန်းမတွင် ကျင်းပခဲ့ရာ ရှေးဦးစွာပိုက် ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို မီးသတ်အသင်းနှင့် မြေစာရင်းအသင်းတို့ အကျိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး ဗိုလ်လုပွဲတွင် မီးသတ်အသင်းက မြေစာရင်း အသင်းအား (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက် ကျင်းပရာ ပြိုင်ပွဲ၌ တတိယဆုရရှိသော အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးနှင့် ဒုတိယဆုရရှိသော အသင်းအား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးငွေစိုး တို့က အားကစားသမားများအား လည်ဆွဲဆုနှင့် ငွေသားဆုများ ပေးအပ် ချီးမြှင့် ခဲ့ကြသည်။
ထို့နောက် ပထမရရှိသောအသင်းမှ အားကစားသမားများအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်း က ပေးအပ်ချီးမြှင့် ခဲ့သည်။ ပြိုင်ပွဲတွင် တတိယ ဆုရရှိသော အသင်းအား ငွေသားဆု(၁)သိန်းကျပ်၊ ဒုတိယဆု ရရှိသော အသင်းအား ငွေသားဆု(၁)သိန်းခွဲ ကျပ်နှင့် ပထမဆုရရှိသော အသင်းအား ငွေသားဆု (၂)သိန်းခွဲကျပ်ချီးမြှင့်ခဲ့ကြောင်း၊ ပြိုင်ပွဲတွင် အသင်း(၈)သင်း ပြိုင်ပွဲဝင် အားကစားသမား (၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
ထို့အတူ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များနှင့် စာသင်ကျောင်းအသီးသီးတွင်လည်း အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ကျင်းပလျက်ရှိပြီး ပြည်သူများ၊ ကျောင်းသား/သူများက ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြကြောင်း သိရသည်။
ခိုင်ထူး