ယင်းမာပင် ဇန်နဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှာ ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို မြို့နယ် လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ကျင်းပကြောင်း သိရသည်။
နံနက် ၄ နာရီ မိနစ် ၂၀ အချိန်၌ အလံတင်အခမ်းအနားအားကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလံ တင်ခြင်းဆောင်ရွက်ပြီး တက်ရောက်လာသော ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက နိုင်ငံတော် အလံအား ဦးညွတ်အလေးပြုခဲ့ကြသည်။
ယင်းနောက် နံနက် ၇ နာရီတွင် သဝဏ်လွာဖတ်ပွဲကို ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သည့် သဝဏ်လွှာအား ယင်းမာပင်ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းမော်က ဖတ်ကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ခရိုင်အဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲမှ ဆုရရှိသူများ မြို့နယ်အဆင့် ပြေးခုန်ပြစ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင် ပြိုင်ပွဲနှင့် ဘိလိယက်ပြိုင်ပွဲများမှ ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းမော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမန်ကိုဟောနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ခဲ့ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)