မြိတ် ဇန်နဝါရီ ၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံ တစ်ဝန်းမှာ ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဇန်နဝါရီလ(၄)ရက် နံနက်ပိုင်းက လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အလံတင်အခမ်းအနားကို နံနက်(၄)နာရီ မိနစ်(၂၀)တွင် ကျင်းပရာ နိုင်ငံတော်အလံအား ဂုဏ်ပြု တပ်ဖွဲ့မှ အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကရင်တိုင်းရင်းသား များနှင့် လူမှုရေးအသင်းအဖွဲ့များက ဦးညွှတ် အလေးပြုခဲ့ကြသည်။
ဆက်လက်၍ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား နံနက်(၇)နာရီတွင် ကျင်းပခဲ့ရာ ရှေးဦးစွာ နိုင်ငံတော် အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် / မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကရင်တိုင်းရင်းသား များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသားသူများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုခဲ့ကြသည်။
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ထံမှပေးပို့သော (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က ဖတ်ကြားသည်။ အခမ်းအနား တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို မြိတ်ခရိုင်ရုံးဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )