မကွေး ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မကွေးခရိုင် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အားကစားပြိုင်ပွဲများအား ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်ကျင်းပခဲ့ရာ နောက်ဆုံးဗိုလ်လုပွဲစဉ်များကို လွတ်လပ်ရေးနေ့တွင် ကျင်းပခဲ့ပြီး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစား ကော်မတီဝင်များမှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသားပိုက်ကျော်ခြင်း၊ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီး ထုတ်ဆီးထိုး ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော အသင်းများအား ဆုကလပ်နှင့် ငွေသားဆုများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစား ကော်မတီဝင်များမှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)