ထားဝယ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား ကျင်းပ

ထားဝယ်       ဇန်နဝါရီ   ၄

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ကျင်းပရာ အလံတင်တပ်စုမှ ဦးဆောင်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းက နိုင်ငံတော်အလံကို တိုင်ထိပ်လွှင့်တင်ခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များက နိုင်ငံတော် အလံအား အလေးပြုခဲ့ကြသည်။

ထိုနောက် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို နံနက် ၇ နာရီတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အရာရှိ စစ်သည်များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများ ၊ ကျောင်းသား/သူများစုစုပေါင်း (၂၅၀)ဦး ခန့် တက်ရောက်သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက အလေးပြုခံစင်မြင့်တွင် နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ တက်ရောက်လာသော ဧည့်သည်တော်များ နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကိုအလေးပြုပြီး ဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော်သီချင်းကိုတီးမှုတ်၍ ကျဆုံးလေပြီးသောအာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက  ဖတ်ကြားပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)