ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားနာခံခြင်း အခမ်းအနားကျင်းပ

ပုသိမ်   ဇန်နဝါရီ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်က ပုသိမ်မြို့ ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ပါသည်။

အခမ်းအနားကို မင်္ဂလာအချိန် ကျရောက်သည်နှင့်တစ်ပြိုင်နက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံတော်အလံတင်ခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဒုတိယအကြီးအကဲများနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုကြသည်။

ဆက်လက်၍ နံနက် ၇ နာရီအချိန်တွင် နိုင်ငံတော်သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို အဆိုပါ ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် အခမ်းအနား တက်ရောက်လာသည့် စစ်ဘက်နယ်ဘက်မှ အကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

ပုသိမ်ခရိုင် (ပြန်/ဆက်)