မင်းဘူး(စကု)မြို့နယ်၌ နွေစပါး ၂၈၀၅ ဧက နွေနှမ်းနှင့်အခြားသီးနှံ ၂၁၀၇၄ ဧက လျာထား စိုက်ပျိုးသွားမည်

မင်းဘူး    ဇန်နဝါရီ    ၄

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နွေစပါး ၂၈၀၅ ဧက၊ နွေနှမ်းနှင့် အခြားသီးနှံ ၂၁၀၇၄ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ နွေသီးနှံများ လျာထားစိုက်ပျိုးရာတွင် စပါးအတွက် ရေပေးဝေမှုများမှာ အိုင်းမဆည်မှ ဧက ၂၅၀၀၊ မဲဇလီဆည်မှ ဧက ၁၀၀၊ ကန်းနီမြစ်ရေတင် စီမံကိန်းမှ ဧက ၁၀၀၊ မြေအောက်ရေ တူးဖော်ပေးဝေခြင်းမှ ၁၀၅ ဧကဖြစ်၍  စုစုပေါင်း ၂၈၀၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နွေနှမ်းနှင့် အခြားသီးနှံများမှာ အိုင်းမဆည်မှ ဧက ၁၅၀၀၀၊ မြေအောက်ရေ တူးဖော် ပေးဝေခြင်းမှ ၄၄၀၃ ဧက၊ ရေစုတ်စက်ဖြင့် မြစ်များ ချောင်းများမှ စုတ်တင်ပေးဝေခြင်း ဧက ၄၀၀၊ ကန်းနီ မြစ်ရေတင်စီမံကိန်းမှ ဧက ၄၅၀၊ ကျောက်စံ မြစ်ရေတင်စီမံကိန်းမှ ဧက ၄၀၀ ဖြစ်၍ နွေနှမ်းနှင့် အခြားသီးနှံများ စိုက်မည့်ဧကပေါင်း ၂၁၀၇၄ လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ရေများပေးဝေသွားမည် ဖြစ်သည်။

"ကျွန်တော်တို့ မင်းဘူး(စကု)မြို့နယ်အတွင်းမှာ ယခုနှစ် မိုးစပါး ၄၀၀၄၄ ဧက  စိုက်ပျိုးထားပါတယ်။ လျာထားချက်ပြည့်မီရေး၊ မျိုးစေ့များ မျိုးကောင်းမျိုးသန့်ဖြစ်စေရေး၊ စိုက်ပျိုးသည့်နည်းစနစ် မှန်ကန်ရေး၊ သွင်းအားစု အလုံအလောက်ရရှိရေး၊ ပိုးမွှားရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ကျွန်တော်တို့ ဝန်ထမ်းတွေက စိုက်ခင်းထဲအရောက် အသိပညာပေးပြီး လုပ်ဆောင် ပေးနေပါတယ်'' ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လ/ထဦးစီးမှူး ဦးမြင့်ဦးက ပြောသည်။

ဇေယျာထက်