ကျွန်းစုမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မြကျွန်းသာပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို နံနက်(၄)နာရီ မိနစ်(၂၀)အချိန်တွင် ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ကာ နိုင်ငံတော်အလံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား တက်ရောက်လာသူများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ် ပြန်/ဆက် ၀န်ထမ်းများက ဖြန့်ဝေပေးခဲ့ပြီး နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲကို ဆက်လက်ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့မှဦးဆောင်၍  နိုင်ငံတော်အလံနှင့် အာဇာနည်‌ခေါင်းဆောင်ကြီးများအား တက်ရောက်လာသူများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုခဲ့ကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၂၀၂၂)ခုနှစ်၊  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက ဖတ်ကြားခဲ့ကြောင်း သိရသည်။