ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး၏ ဝတ္တကမြေတွင် တည်ထားကိုးကွယ်မည့် ဗုဒ္ဓရုပ်ပွားတော် မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

ဒေးဒရဲ ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဆုတောင်းပြည်စုံ ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး၏ ဝတ္တကမြေတွင်တည်ထား ကိုးကွယ်တော်မူမည့်  ဉာဏ်တော်(၂၇)ပေရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို နမ္မောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ ဩဝါဒစရိယ ဆရာတော် ဘဒ္ဒန္တ ကုသလထံမှ သီလပေးတရားခံယူ ဆောက်တည်ကြပြီးနောက် ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ ဉက္ကဋ္ဌ ဦးသိမ်းထွန်းက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အလှူရှင်များက မတည်အလှူငွေများကို  ပေးအပ်လှူဒါန်းခဲ့ရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ အဆိုပါ မြေသန့်မင်္ဂလာနှင့် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ဩဝါဒဝန်ဆောင် ဆရာတော်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့တာဝန်ရှိသူများနှင့် အလှူရှင်များက ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အေဇာလင်း