မင်းဘူး(စကု)မြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ ရွာအဝင်လမ်းများကို ကတ်တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်

မင်းဘူး ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျေးလက်လမ်းဦးစီးဌာနက ကျေးလက်နေပြည်သူများ သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေစေရန် (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် မီနီဘက်ဂျက် ခြောက်လတာကာလအတွင်း လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မယ်ဘေ့ကုန်းနှင့် ရွာသာကျေးရွာတို့တွင် ကျေးရွာအဝင်လမ်းများကို ကတ်တရာလမ်းဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီအေးခိုင်ထံမှ သိရသည်။

အဆိုပါကျေးရွာများတွင် ကတ်တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီအေးခိုင်နှင့် တာဝန်ရှိသူများက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က သတ်မှတ်လမ်း အကျယ်ထားရှိရေး ဒေသခံများနှင့် သွားရောက်တွေ့ဆုံ၍ လမ်းအကျယ်တိုင်းတာ သတ်မှတ်ပေးခြင်း များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာတွင် လမ်းအရှည် ၃၉၆၀ ပေ၊ အကျယ် ၁၂ ပေရှိ ကတ်တရာ လမ်းကို မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ခွင့်ပြုငွေ (၁၄၂.၈၀)ကျပ်သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော မြနန်းစံကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ မယ်ဘေ့ကုန်းကျေးရွာတွင်လည်း ကတ်တရာ လမ်းခင်းခြင်း လုပ်ငန်းများအဖြစ် ယခုလက်ရှိ အောက်ခင်းမြေညှိ၊ မြေနီခင်းခြင်းနှင့် ကျောက်ကြီးခင်းရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးမှူး ဒေါ်ရီအေးခိုင်က ပြောသည်။

မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကတ်တရာလမ်း(၂)လမ်းနှင့် မြေနီလမ်း (၆)လမ်း စုစုပေါင်း လမ်း(၈)ခုကို ‌ယခုမီနီဘက်ဂျက် (အောက်တိုဘာလမှ မတ်လအထိ) ခြောက်လတာ ကာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)