ပဲခူး ဇန်နဝါရီ ၃
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဇန်နဝါရီလ(၃)ရက်နေ့ နံနက်ပိုင်းက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးပြိုင်ပွဲအခမ်း အနား ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သီတာ၊ အတွင်းရေးမှူးဒေါ်မိုးသူဇာကျော်နှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်/မြို့နယ်/ ရပ်ကွက်/ကျေးရွာဥက္ကများနှင့် အဖွဲ့ဝင်များ၊ မိခင်များနှင့် ပြိုင်ပွဲဝင်ကလေးများတက်ရောက် ကြပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟမှ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို ကလေးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် တိုင်းဒေသကြီးမိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သီတာ တို့အဖွဲ့မှ ကလေးများပြိုင်ပွဲဝင်စစ်ဆေးနေမှုအား လိုက်လံကြည့်ရှု့အားပေးပြီး မိခင်များနှင့် ပြိုင်ပွဲဝင်ကလေး များအတွက် နေ့လည်စာများ လက်ဝယ် အရောက်ပေးအပ်ကြသည်။
အဆိုပါ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ကလေးပြိုင်ပွဲအား မွေးကင်းစကပင်မိခင်နို့တစ်မျိုး တည်းသာ စနစ်တကျတိုက်ကျွေး၍ အသက်(၆)လပြည့်ပြီးနောက် ကလေးအား ဖြည့်စွက်စာစနစ်တကျ ကျွေးမွေး သည့်အလေ့အကျင့် ရရှိစေရန်နှင့် ကာယ၊ ဉာဏဖွံ့ဖြိုး၍ဉာဏ်ရည်ထက်မြက်ပြည့်ဝသော ကလေးငယ်များ ဖြစ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ပြီး မွေးစမှ(၆)လ၊ (၆)လမှ(၁)နှစ်၊ (၁)နှစ်မှ(၁)နှစ် (၆)လ ဟူ၍ အုပ်စု(၃)အုပ်စုခွဲခြားထားရှိရာ ပဲခူးမြို့နယ်အတွင်းမှ မွေးစမှ(၆)လအထိ ကလေးငယ်(၁၅)ဦး၊ (၆)လမှ (၁)နှစ်အထိ ကလေးငယ်(၂၃)ဦး၊ (၁)နှစ်မှ(၁)နှစ်(၆)လအထိ ကလေးငယ်(၁၉)ဦး၊ စုစုပေါင်း ကလေးငယ် (၅၇) ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ကိုယ်အလေးချိန်၊ အရပ်၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ အသိဉာဏ်ဖွံ့ဖြိုးမှု၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ကာကွယ်ဆေးထိုးနှံမှု၊ ကိုယ်အလေးချိန်ကတ်ပြားရရှိမှု၊ ဆေးစစ်ဆေးချက် စသည့်အချက်များအပေါ်မူတည်၍ အမှတ်များပေးအပ်ကာ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ မွန်းလွဲပိုင်းအချိန်တွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အုပ်စုအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသော ကလေးငယ်များအား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သီတာ၊ အတွင်းရေးမှူးဒေါ်မိုးသူဇာကျော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အကဲဖြတ်ဆရာဝန်များနှင့် သူနာပြုများအတွက် ဂုဏ်ပြုလက်ဆောင်များအား တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သီတာမှ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ သီဟထံပေးအပ်ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)