စနစ်ကျသည့် စက်မှုနယ်မြေများ ပေါ်ထွက်လာစေရေး Town Plan ရေးဆွဲရာတွင် မြေနေရာ ထည့်သွင်းသတ်မှတ်ထားရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ပဲခူး ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်ယာမြေမှအပ ဥယျာဉ်ခြံမြေများ၊ ကိုင်းမြေများ၊ ယာမြေများနှင့် အခြားမြေများအား အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုများအပေါ် မိမိတို့အစိုးရအဖွဲ့မှ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ခွင့်ပြုချထားပေးရာတွင် စိုက်ပျိုးနိုင်သော မြေဧရိယာများ လျော့နည်းမှု မရှိစေရေး အနည်းဆုံး ဧရိယာကိုသာ ခွင့်ပြုချထားပေးလျက်ရှိကြောင်း၊ အခြားနည်းအသုံးပြုခွင့် ရရှိထားသည့် မြေများအား လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ခြင်း မရှိသူများအား စနစ်တကျ စိစစ်သွား ရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ Town Plan ရေးဆွဲရာတွင် တစ်ပါတည်းထည့်သွင်းရေးဆွဲ သတ်မှတ်ထားရန်နှင့် အဆိုပါဧရိယာ အတွင်း၌သာ စက်မှုလုပ်ငန်းများ စနစ်တကျစိစစ် ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း၊ သစ်တောမြေများအတွင်း ကျူးကျော်မှုများ မရှိစေရေး အထူးအလေးထား ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လယ်မြေများပေါ် ခွင့်ပြုချက်မရှိဘဲ ကြိုတင်ဆောင်ရွက်ထားသည့် မည့်သည့်လုပ်ငန်းကိုမှ ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း ရပ်ကွက်/ ကျေးရွာများအထိ သိရှိစေရေးဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ငွေများရရှိနိုင်ရေး အခြားနည်း ခွင့်ပြုမိန့်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စက်မှုစီးပွားဂရန် လျှောက်ထားထုတ်ပေး နိုင်စေရေး ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလျှောက်ထား လာသည့် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် အမှုတွဲ(၁၅)တွဲနှင့် အယူခံမှု(၃)တွဲတို့အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့မှုပေါ် တက်ရောက် လာသည့် ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆုံးဖြတ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)