သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ဘားအံမြို့ ပေါ်အနိမ့်ပိုင်းရပ်ကွက်ရှိအိမ်ထောင်စုများအား ရေဘေးစခန်း ၃ ခုတွင် စတင်နေရာချထား

ဘားအံ ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယမန်နေ့ညနေ ၄ နာရီခွဲတိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၅၀ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေရာ ဘားအံမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်ရှိအိမ်ထောင်စုများအား ယာယီရေဘေးစခန်း ၃ ခုတွင် စတင်နေရာချထားပေးထားကြောင်း သိရသည်။

ထိုသို့နေရာချထားရာတွင် ယာယီရေဘေးကယ်ဆယ်ရေးစန်းများဖြစ်သည့် ရွှေရင်မျော်စခန်းတွင် အိမ်ထောင်စု ၄၆ စု၊ လူဦးရေ ၂၆၅ ဦး၊ မိုးလုံလေလုံအားကစားရုံတွင် အိမ်ထောင်စု ၅၁ စု ၊ လူဦးရေ ၂၃၂ စု၊ Cyclone Shelter တွင် အိမ်ထောင်စု ၄၂ စု၊လူဦးရေ ၁၇၈ ဦး၊ စုစုပေါင်း ၆၈၅ ဦးအား စိစစ်နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ကိုဗစ် ၁၉ ရောဂါကူးဆက်မှုမရှိစေရေးအတွက် ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ထားရှိရသောအခြေအနေအပေါ် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ လာရောက်မနေထိုင်နိုင်သော်လည်းကောင်း၊  မိမိတို့၏ ဆွေမျိုးအိမ်များတွင် သွားရောက်နေထိုင်သူများသော်လည်းကောင်း၊ ခြေတန်ရှည်အိမ်အမြင့်များတွင် နေထိုင်သူများသော် လည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ရေဘေးသင့်အိမ်ထောင်စုများစာရင်းအရ ထောက်ပံ့ပေးမှုများကို သက်ဆိုင်ရာက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)