ဇီးကုန်း ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ပြုလုပ် ခဲ့ကြသည်။
ရှေးဦးစွာ သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်သိန်းက စားသုံးသူ ကာကွယ်ရေး၊ လုပ်ငန်းရှင် များ ကာကွယ်ရေး၊ ထုတ်လုပ်သူ ကာကွယ်ရေးတို့အတွက် စားသုံးသူ ကာကွယ်ရေးဉပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁) ပုဒ်မ(၄၂) ပုဒ်မ(၄၃)တို့အား ရှင်းလင်းပြောကြားပြီး၊ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲတာဝန်ခံ ဦးသန်းစိုး က ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ကုန်စည်တွင် ပါဝင်သော ကုန်ကြမ်း ပစ္စည်း အမျိုးအစား၏ ပမာဏ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်များ၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် သိသာထင်ရှား စွာ ရိုက်နှိပ်ဖော်ပြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဇီးကုန်းမြို့နယ်ရုံးမှ စစ်ဆေးရေးမှူး ဒေါ်သူဇာအောင်က ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့ပြီး၊ တက်ရောက်လာသော လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်း ချက်များအပေါ် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံး တာဝန်ခံ ဦးတင်မြင့်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)