လပွတ္တာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲများကျင်းပ

လပွတ္တာ   ဇန်နဝါရီ    ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အ.ထ.က(၂) အခြေခံပညာအထက် တန်းကျောင်း၌  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ များနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့က  ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း သိရသည်။

အားကစားပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား /ကျောင်းသူများက လွန်ဆွဲပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲများနှင့် အခြားကစားနည်းများ၊ အငယ်တန်းမှ ကျောင်းသား/ကျောင်းသူများက မုန့်စားပြိုင်ပွဲ၊ ပူစီပေါင်းဖောက် ပြိုင်ပွဲအပါအဝင်အခြား ကစားနည်းမျိုးစုံပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲများကို တာဝန်ခံကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စုပေါင်း၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

လပွတ္တာခရိုင် (ပြန်/ဆက်)