ငဖဲမြို့နယ် ပန်းထိန်းကျေးရွာတွင် မြေအိုးလုပ်ငန်းကို နှစ်စဉ်ရိုးရာမပျက် လုပ်ကိုင် ရောင်းချလျက်ရှိ

ငဖဲ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာသည် ပန်းထိန်း မန်းချောင်းဘေးတွင် တည်ရှိပြီး ကျေးရွာပြည်သူများက မိရိုးဖလာ မိသားစုတနိုင်တပိုင် လုပ်ငန်းအဖြစ် မြေအိုးလုပ်ငန်းကို နှစ်စဉ်အစဉ်အလာမပျက် ထိန်းသိမ်းလုပ်ကိုင် ရောင်းချပြီး မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါမြေအိုးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကဆုန်လကတည်းက မြေကြီးများ စုဆောင်းထားရကြောင်း၊ မိုးအကုန်သီတင်းကျွတ်လရောက်ရင် မိမိတို့နေအိမ်မှာပဲ အိုးအကြမ်းထည် လုပ်ကိုင်ကြောင်း၊ အိုးအကြမ်းထည်များအား ပန်းထိန်းမန်းချောင်း အတွင်းသို့ သယ်ယူပြီးနေလှန်း၍ တစ်ညတာမီးဖုတ်ရကြောင်း၊ မီးဖုတ်ရာတွင် ထင်း အသုံးမပြုဘဲ စပါးခွံ၊သစ်ခွံ၊ကောက်ရိုးများကို အသုံးပြု၍ မီးဖုတ်ပြီးတစ်ရက်ထား၍ ညနေပိုင်းတွင် မြေအိုးအချောထည်များရရှိကြောင်း၊ ပြုလုပ်ရောင်းချရသည့်အိုးများမှာ သောက်ရေအိုး၊ ရေခပ်အိုး၊ မီးရေအိုး၊ စုဗူး၊ တာအိုး၊ အလှပန်းစိုက်အိုးနှင့် ညောင်ရေ အိုးများဖြစ်၍ ပြာသိုလတွင် လုပ်ကိုင်သည့် သဲသောက်ရေအိုးမှာ လူကြိုက်များ၍ အရောင်းရဆုံး အိုးဖြစ်ကာ   ငဖဲမြို့၊ ပဒါန်းကျေးရွာ၊ မန်းရွှေစက်တော်၊ မင်းလှမြို့နယ် (ကျောက်ပုံကျေးရွာ)နှင့် စေတုတ္တရာမြို့များသို့ ဖောက်သည် ပေးရောင်းချရကြောင်း သိရသည်။

အိုးများကို ဖောက်သည်ဈေးအဖြစ် သောက်ရေအိုးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ရေခပ်အိုး တစ်လုံးလျှင် (၅၀၀)ကျပ်၊မီးရေအိုးတစ်လုံးလျှင် (၂၅၀)ကျပ်၊ စုဗူးတစ်လုံးလျှင် (၄၀၀)ကျပ်၊ အတာအိုးတစ်လုံးလျှင် (၁၅၀)ကျပ်၊ ညောင်ရေအိုးတစ်လုံးလျှင် (၆၀၀)ကျပ်နှင့် ထန်းရေအိုး တစ်လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် ပေးပို့ရောင်းချရ၍ အိုးလုပ်ငန်းကို တန်ခူးလကုန်လျှင် မြေအိုးလုပ်ငန်းသိမ်းကြောင်း၊ နှစ်စဉ်ဖောက်သည် မပျက် ဆက်လက်ပြီး မိသားစုများတပိုင်တနိုင် လုပ်ကိုင်နေရသောကြောင့် အပိုဝင်ငွေရ၊ စီးပွားရေး အဆင်ပြေကြောင်း ပန်းထိမ်းကျေးရွာမှ မြေအိုးလုပ်ငန်းလုပ်ကိုင်ရောင်းချသူ  ဦးကျောက် က ပြောကြားသည်။

မယု (ငဖဲ)